ဟိုပန် မေ ၂၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရန်၊ ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ ခြင်၊ ယင်များ ခိုအောင်းမှုမရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၇ နာရီမှစ၍ ဟိုပန်မြို့တွင်း ရှိ စာသင်ကျောင်းများတွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် ရဲမေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ များ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က အနီးကပ် ကြီးကြပ်၍ ကျောင်းအလိုက် ပေါင်းမြက်၊ ချုံနွယ်များ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ ရှင်းလင်းခြင်း၊ အဆောက် အဦနှင့် မလွတ်ကင်းသော သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှိုက်များကို သယ်ယူရှင်းလင်းပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအလိုက် သင်ထောက်ကူပစ္စည်းလိုအပ်ချက်၊ အဆောက်အဦ လိုအပ်ချက်နှင့် အခြားလိုအပ်ချက်များကို တင်ပြပေးရန် မြို့နယ်ပညာရေးမှူးထံ မှာကြား ကာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယနေ့တွင် ဟိုပန်မြို့ပေါ်ရှိ အလက (ကောင်းကော်)၊ အထက(ခွဲ)ရွှေဝါ၊ အမက(စံပြ)၊ အမက(မန်မိုင်)၊ အမက(မန်ကောင်း)၊ အမက(မူလွန်)မော်ဟွေ့၊ အထက(ဟိုပန်)၊ အမက (ပန်လုံလမ်း)၊ အမက(မူလွန်)မိန်းပန်းရှမ်းနှင့် အမက(ရုံးကုန်း)ကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်