သီပေါ မေ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွား စေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီ က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်များအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် အိမ်တိုင်းတွင် ထားရှိသော ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်း များတွင် ရေများမခိုအောင်းရေး ဆောင်ရွက်ပေးကြပါရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)