ရပ်စောက်မြို့နယ်၌ ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်

ရပ်စောက် မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးတင်မောင်အုန်းက ဆရာ/ဆရာမများ၏ ဆရာအတတ်ပညာ တိုးတက်မြင့်မားလာခြင်းဖြင့် အရည်အသွေးရှိသည့် ပညာရေးတစ်ရပ်ဖြစ်ထွန်းလာစေရန်၊ ဆရာ/ဆရာမများ လေ့ကျင့်သင်တန်းပေးရာတွင် ထိရောက်အောင်မြင်သော သင်ကြား သင်ယူမှု လုပ်ငန်းများကို ဆောင်ရွက်တတ်ရန်နှင့် သင်ကြားသင်ယူမှု အရည်အသွေး တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ပို့ချရခြင်းဖြစ်‌ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် သင်တန်းတာဝန်ခံ ဦးအောင်ဇော်မင်းက ဧကဒသမတန်း (Grade-11)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် ဆရာ/မများ လိုက်နာ ဆောင်ရွက်ရမည့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကြီးကြပ်(၁)ဦး၊ ရုံးအဖွဲ့(၂)ဦး၊ သင်တန်းနည်းပြ (၁၀)ဦးနှင့် သင်တန်းသား/သင်တန်းသူ (၁၃၁)ဦး စုစုပေါင်း (၁၄၄)ဦးဖြင့် မေလ ၂၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာသင်ခန်း တစ်ခန်းလျှင် သင်တန်းသား/သူ (၂၉)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)