ဒဂုံအရှေ့ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် ဖြင့် ကွင်းဆင်းဆောင်ရွက်ထားရှိသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီ အချိန်က လေးထောင့်ကန်ကျေးရွာ၌ ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းပေးအပ်ခဲကြောင်း သိရသည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီး အရာရှိ ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေကို ရှင်းလင်းပြောကြားပြီးနောက် အသက် ၁၀ နှစ်ပြည့်၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း(၆၇)ကတ်အား လေးထောင့်ကန်ကျေးရွာ ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးတွင် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်စို့" ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)