ဒဂုံမြောက် မေ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အခြေခံပညာတတ်မြောက်မှု အဆင့်မြင့်မားစေရန် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာမူလတန်းအဆင့်မှစတင်၍ သင်ရိုးသစ်များ ပြောင်းလဲ သင်ကြားနိုင်ရေးအတွက် သင်တန်းများအဆင့်ဆင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade- 11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေ၂၁ရရက်နံနက် ၈ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးညီညီအောင်က ပညာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ပညာရေး အဆင့်အတန်းမြင့်မားစေရန် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် သင်ရိုးသစ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အဆင့်ဆင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဆရာဆရာမများ အနေဖြင့် သစ်ရိုးသစ်များအား ကျောင်းသားကျောင်းသူများအား နားလည်တတ်ကျွမ်းအောင် ပြန်လည် သင်ကြားပေးသွားကြရန်နှင့် သင်တန်းနည်းပြ ဆရာဆရာမပို့ချသည့် သင်ခန်းစာများအား ဂရုတစိုက် လေ့လာ သင်ယူကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းရီက ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည် တိုးတက်စေရန်၊ သင်ရိုးသစ်များ ဖြစ်သည့် အတွက် သင်တန်းသူ သင်တန်းသားများအနေဖြင့် အထူးဂရုတစိုက်လေ့လာသင်ယူကြစေပြီး၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင် ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်နှင့် သင်ယူမှုအရည်အချင်းများ တိုးတက်မြင့်မားပြီး အရည်အသွေးရှိသည့် အနာဂတ်ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေး အတွက် ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
သင်တန်းတွင် ဘာသာရပ်ဆိုင်ရာ ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်သင်ရိုးသစ်အား နားလည် သဘောပေါက်စေရန် သင်ရိုးသစ် လက်စွဲစာအုပ်မှ မြန်မာစာ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ စာရိတ္တနှင့် ပြည်သူ့နီတိပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်တန်းနည်းပြ(၁၀)ဦးဖြင့် ပြန်လည် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အထက်တန်းပြသင်တန်းသား ဆရာ၊ ဆရာမ (၁၃၂)ဦးအား မေလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှညနေ (၄)နာရီအထိ (၃) ရက်တာ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ
၀၉၉၆၆၃၆၃၅၉၁