စဉ့်ကူး မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် စဉ့်ကူးမြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်က Grade-11 သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်းအဆင့် Grade-11 သင်ရိုးသစ်ဆင့်ပွားသင်တန်းကို ယနေ့ မေလ ၂၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာရုံးချုပ်မှ ပို့ချသောသင်တန်းကို တက်ရောက်ခဲ့သည့် နည်းပြ(၁၀)ဦးမှ ဦးဆောင်၍ (Grade-11) သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ် ဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ စုစုပေါင်း (၆၄)ဦး တက်ရောက်သင်ယူကြမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်း အခြေခံပညာဦးစီးဌာနအောက်ရှိ ထက်/လယ်/မူ ကျောင်းများမှ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကြောင်းလည်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)