မိုင်းပျဉ်း မေ ၂၁
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ နားဇရက်မူကြိုကျောင်း၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီက ၎င်းမူကြိုကျောင်း၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
နားဇရက်မူကြိုကျောင်း၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာ သင်တန်းဆင်းပွဲတွင် ကျောင်းအုပ်စစ္စတာကြီး နာတာလေးနာ အပို့၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုရီတို့က အမှာစကားများ အသီးသီးပြောကြားကြပါသည်။ ဆက်လက်၍ မူကြိုကလေးများအား မူကြိုပြီးဆုံးကြောင်း ဂုဏ်ပြုလွှာများကို တာဝန်ရှိသူများက တစ်ဦးချင်းစီ ပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် နွေရာသီအင်္ဂလိပ်စာ သင်တန်းမှ သင်တန်းသူ/သားကလေးများက တေးသရုပ်ဖော်ကပြဖျော်ဖြေခြင်းနှင့် တေးကဗျာရွတ်ဆိုခြင်းတို့ဖြင့် တင်ဆက်ခဲ့ကြသည်။
အဆိုပါ ကျောင်းဆင်းပွဲကျင်းပနှင့် နွေရာသီအင်္ဂလိပ်စာ သင်တန်းဆင်းပွဲသို့ မူကြိုကျောင်းအုပ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ မူကြိုကလေးများနှင့် ၄င်းတို့၏မိဘများ စုစုပေါင်းအင်အား(၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း နားဇရက်မူကြိုကျောင်း တာဝန်ရှိသူထံမှ သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)