မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့၊ ကျောက်တန်းကျေးရွာတွင် ဓာတ်တိုင်တစ်တိုင် ဘုန်းကြီးကျောင်းအုတ်တံတိုင်းပေါ် လဲကျမှုဖြစ်ပွား

သထုံ      မေ       ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းဘုန်းကြီးကျောင်းအရှေ့ရှိ ဓာတ်တိုင်တစ်တိုင် ကျောင်းဝင်းနံရံတံတိုင်းအပေါ် ပြိုလဲခဲ့ရာ အုတ်တံတိုင်း(၁၀)ပေခန့်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းရှေ့ရှိဓာတ်တိုင်နှင့်အတူ ကျောင်းဝင်းအတွင်းရှိ သစ်ပင်ကြီးများ ပြိုလဲခဲ့သဖြင့် ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်ရေးအဖွဲ့၊ ကျေးရွာ အထောက်အကူပြုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ခုတ်ထွင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဓာတ်တိုင်တစ်တိုင်နှင့် ကျောင်းဝင်းအုတ်တံတိုင်း(၁၀)ပေခန့်  ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ပျက်စီးသွားသည့်ဓာတ်တိုင်အစားထိုး ဓာတ်တိုင်စိုက်ထူနိုင်ရေး အချိန်တိုအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုကိုဦး(ပြန်/ဆက်)