မန္တလေး၊ စက်တင်ဘာ ၄
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့ကို ယနေ့နံနက် (၁၀) နာရီက လွှတ်တော်ခန်းမတွင် ကျင်းပ ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် လွှတ်တော်အမတ်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် တောင်သာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်၊ စဉ့်ကူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြစ်သားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ဒေါ်သင်းမြမြ၊ ငါန်းဇွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်တို့ကို ကြယ်ပွင့်ပြမေးခွန်းများကို မေး မြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ဒေသန္တရစီမံကိန်း အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဗဟိုအဖွဲ့အစည်းများနှင့် ဦးစီးဌာနများ၏ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့်ပတ်သတ်၍ လွှတ်တော်မှအတည်ပြုပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုတင်သွင်းခြင်း၊ လွှတ်တော်၏သဘောထားရယူခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သတ်၍ လွှတ်တော်မှ အတည်ပြုပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏သဘောထားရယူခြင်းကို ဆောင်ရွက်ခဲ့ပြီး နံနက် (၁၁) နာရီတွင် လွှတ်တော်အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဌမနေ့သည် နောက်ဆုံးနေ့ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်