တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

တာမွေ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ကောင်းစွာအသုံးချပြီး နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာက သယ်ပိုးထမ်းဆောင် နိုင်ကြစေရန် စသည့်ရည်ရွယ် ချက်ကောင်းများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ် ကျင်းပသော စာဖတ်စွမ်းရည်ပြိုင်ပွဲကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ  ဒေါ်မို့မို့အောင်က စာဖတ်စွမ်း ရည်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးပြိုင်ပွဲနှင့် ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းသား / သူ၊ လူငယ်လူရွယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲ တွင် ပထမ ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)