တာမွေ မေ ၂၀
ရန်ကုန်တိုင်ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှုအကျိုးပြု လုပ်ငန်းများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှု အကျိုးပြုလုပ်ငန်းများအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်တွင် တာမွေမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးရဲမြတ်စိုးက တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများ၊ မြို့နယ်အတွင်း မီးဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရွက်ပေးလျက်ရှိသည့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့်ကာလမှစ၍ မြို့နယ်အတွင်းရှိ ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး Talk Show အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)