စဉ့်ကူးမြို့နယ်တွင် မြေပဲများ ပိုမိုစိုက်ပျိုး၊ သီးနှံပေါ်ချိန် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်

စဉ့်ကူး မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုကောင်းပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူများ မြေပဲသီးနှံကို ပိုမိုစိုက်ပျိုးလျက်ရှိကြသည်။

စဉ်ကူးမြို့နယ်တွင် ဆောင်းမြေပဲဧက (၂၄၀၀၀)ကျော် နှစ်စဉ်စိုက်ပျိုးရန်အတွက် ဆောင်းမြေပဲမျိုးဆံ (၄၈၀၀၀) တင်းရရှိအောင် မိုးမြေပဲ စိုက်ဧကများမှ ထွက်ရှိသောမြေပဲများ၊ တောင်သူများ စုဆောင်းထားသော မျိုးမြေပဲများ၊ အခြားဒေသထွက် မြေပဲမျိုးများကို သယ်ယူခြင်းဖြင့် မျိုးစုဆောင်းပြီး ဆောင်းမြေပဲကို စိုက်ပျိုးကြသည်။

စဉ့်ကူးမြို့နယ်ရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ယခင်က မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာသည်နှင့်အညီ အထွက်နှုန်းကောင်းသော စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲလုပ်ကိုင်လာကြကြောင်း သိရသည်။ မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သော မကွေး (၁၁)၊ ဆင်းပဒေသာ (၆)၊ (၁၁)၊ တွန်တာနီမျိုးများ ရွေးချယ်စိုက်ပျိုးလာကြကြောင်း၊ စိုက်ပျိုးချိန်တွင် မျိုးစေ့များကို ပဲမြစ်ဖုဇီဝမြေဩဇာဖြင့် လူးနယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်းများထံမှလည်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို သိရှိရကြောင်း၊ မြေပဲသီးနှံစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်မှာ (၃၉၀၀၀၀)ခန့်ရှိကြောင်း၊ သီးနှံခူးဆွတ်ပြီး ပြန်လည်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)