လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း ဖွင့်လှစ်

လှည်းကူး မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး / ဆရာမကြီး များအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိပြီးပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန်အတွက် ရည်ရွယ်ပြီး လှည်းကူးမြို့နယ် ပညာရေးမှူးရုံး၏စီစဉ်မှုဖြင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းကို ယနေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် (မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးဒေါက်တာ ဒေါ်သင်းမာလာက ပညာရေးဆိုင်ရာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ပညာရေးဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများစသည်တို့နှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး / ဆရာမကြီးများက ၂၀၂၂ ခုနှစ် မေ (၁၉) ရက်နေ့မှ မေ (၂၀) ရက်နေ့အထိ အသေးစိတ်ရှင်းလင်း ဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးမွမ်းမံသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီးစီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး / ဆရာမကြီး (၁၈၈) ဦး၊ ကိုယ်ပိုင်ကျောင်းများမှ (၉) ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ (၂၀) ဦး၊ စုစုပေါင်း (၂၁၇) ဦးတက်ရောက်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်

အေးအေးနွဲ့(ပြန်/ဆက်)