တာမွေ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ကူစက်ဖြစ်ပွားမှု မြင့်မားလာခြင်းမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန) ရုံးဝင်းအတွင်း၌ မြို့နယ်အတွင်းရှိ အသက်(၃)နှစ်မှ (၇)နှစ်အထိ ကလေးငယ်များအား ဆုံဆို့ မေးခိုင် ကာကွယ်ဆေး (DT) အမီလိုက် (catch-up) ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆုံဆို့ မေးခိုင်ကာကွယ်ဆေး (DT) ကွင်းဆင်းထိုးနှံပေးနေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
“မိမိရဲ့ ကလေးမှာ ဒီဆုံဆို့ မေးခိုင်ရောဂါအပါအဝင် အခြားသော ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ယခုလို ကာကွယ်ဆေး လာရောက်ထိုးနှံဖြစ်တာပါ။ ကျန်းမာရေး ဌာနအထိ သွားရောက်ထိုးနှံစရာမလိုဘဲ အခုလို မိမိတို့ နေထိုင်ရာ ရပ်ကွက်များအတွင်း လိုက်လံကွင်းဆင်း ထိုးနှံပေးတဲ့အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ‘ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်’ ဆိုတဲ့ စကားအတိုင်း မြို့နယ် အတွင်းမှာရှိတဲ့ ကလေးမိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေ ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ကျန်းမာ သန်စွမ်းတဲ့ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေဖို့ ကာကွယ်ဆေးကို ယုံယုံကြည်ကြည်နဲ့ လာရောက် ထိုးနှံကြပါလို့ အကြံပြုတိုက်တွန်းချင်ပါတယ်” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးမိဘတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ဆုံဆို့ မေးခိုင်ကာကွယ်ဆေး (DT)ကို တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၃)နှစ်မှ (၇)နှစ်အထိ ကလေးငယ် (၈၄)ဦးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်