မိုးနဲ မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က လူငယ်တွေစဉ်းစားဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်ကျောင်းသူများအား စာဖတ်စွမ်းရည် တိုးတက်လာစေရန်၊ အားလပ်ရက်များတွင် စာကြည့်တိုက်ရှိ စာအုပ်စာပေများ လာရောက်ဖတ်ကြစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အတွက် စာရေးဆရာ အောင်ကိုဦး(UMK)၏ လူငယ်တွေစဉ်းစားဖို့ စာအုပ်ဖြင့် ဝိုင်း၀န်းဆွေးနွေးအကြံပြုပေးကြရန် ပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူ ကျောင်းသူ လေးများက လူငယ်နှင့်ရွေးချယ်မှု၊ လူငယ်နှင့်အချိန်၊ လူငယ်နှင့်အခွင့်အလမ်း၊ လူငယ်နှင့် စိန်ခေါ်မှု၊ လူငယ်နှင့်ယဉ်ကျေးမှု နှင့် အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ စသည့်ခေါင်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများဆောင်ရွက်ခြင်းအပြင် ပြည်သူများအား အသိပညာပေး အစီအစဉ်များကိုလည်း Online မှတစ်ဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)