သာစည်မြို့လူထုအခြေပြုဌာန၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သာစည် မေ ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်းသင်တန်း သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက သာစည်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်ပြီး သင်တန်းတွင် စာတွေ့လက်တွေ့ပို့ချပေးသော ဘာသာရပ်များကိုဆန်းစစ်ဖြေဆိုခဲ့ရာတွင် အကောင်းဆုံးဖြေဆိုနိုင်ခဲ့သော ပထမ၊ ဒုတိယနှင့် တတိယရရှိသည့် သင်တန်းသားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင်တို့က ဆုများပေးအပ် ချီးမြှင့်သည်။ ထို့နောက် သင်တန်းနည်းပြများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက သင်တန်းသားများအား စာရေးကိရိယာများပေးအပ်သည်။

အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

(မြို့နယ်၊ ပြန်/ဆက်)