တပ်ကုန်း မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်း၍မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ကာ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေး ဆရာချစ်နိုင်ရေးသားထားသည် “အောင်မြင်ဖို့အချိန်” စာအုပ်ကို ယနေ့နံနက် ၁၁ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ ဆရာမဒေါ်မြသန္တာတို့က စာပေဝါသနာပါသူများနှင့်အတူ စာရေး ဆရာချစ်နိုင် ရေးသားထားသည် “အောင်မြင်ဖို့အချိန်” စာအုပ်တွင်ပါရှိသည့် အောင်မြင်ဖို့အချိန်၊ မူဝါဒနှင့်တန်ဖိုး၊ အကျိုးရှိစွာနားထောင်တတ်ပါစေ၊ ဣဒ္ဓိပါဒ်လေးပါး၊ ဆင်ကျုံးခံတပ်နှင့်မီးသွေး တိုက်၊ ဆောင်းပါးရေးနည်း၊ သူတို့ဘာကြောင့်အောင်မြင်စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်