ချမ်းမြသာစည် မေ ၂၀
ဉာဏ်ရည်ဉာဏ်သွေးပြည့်၀၍ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်စေရန်၊ နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ကလေးစာဖတ်ခန်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်မှူး ဒေါ်ခင်မာဦးက ပြိုင်ပွဲ၏စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့နယ်စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုလေ့လာကြသော ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူများကို မြို့နယ်ဦးစီးမှူးက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ စာဖတ်ပရိတ်သတ်များ၊ ကျောင်းသာ၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း