သိန္နီ မေ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရှေးဦးစွာ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဉမ္မာချိုက သိန္နီမြို့နယ်အတွင်း နိုင်ငံတော်မတည်ငွေဖြင့် ဆောက်လုပ်ဖွင့်လှစ်ထားသည့် ပန်စုံကျေးရွာစာကြည့်တိုက်၊ ပိန်းဆာကျေးရွာစာကြည့်တိုက်၊ ရေပူကျေးရွာ စာကြည့်တိုက်၊ မိုင်းလီကျေးရွာ စာကြည့်တိုက်၊ မိုင်းလီ(ရွာသစ်)ကျေးရွာစာကြည့်တိုက်၊ ကောင်းလောက်စောက်ကျေးရွာ စာကြည့်တိုက်၊ ဉယျာဉ်မှူးကျေးရွာစာကြည့်တိုက်နှင့် ဝိန်လျှံကျေးရွာစာကြည့်တိုက်တို့တွင် ကျေးရွာစာကြည့်တိုက် အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပရိဘောဂနှင့် စာအုပ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက် ကော်မတီဝင်များနှင့် ရပ်ကျေးစာရေးများက လက်ရှိစာကြည်တိုက်အဆောက်အအုံအခြေအနေ၊ ပရိဘောဂနှင့် စာအုပ်/စာစောင်များ၊ စာကြည့်တိုက်အား စာဖတ်ပရိသတ်အသုံးပြုမှုအခြေအနေများကို ဝိုင်းဝန်းဆွေးနွေးကြသည်။ သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်ကျေးစာရေးများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ သိရသည်။
စောဉမ္မာ(သိန္နီ)