ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (CoviShield) အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

ရန်ကင်း မေ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး( ၆) လပြည့်ပြီးသူများအား Booster (CoviShield)ကာကွယ်ဆေးကို ရာနှုန်းပြည့် ဆက်လက်ထိုးနှံ ပြီးစီးရေးအတွက် မြို့ပေါ်ရပ်ကွက်များအထိ စုရပ်များတွင် လိုက်လံထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်း ပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်