သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ပြုလုပ်ခြင်းဆောင်ရွက်

 

သိန္နီ မေ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်စေရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဌာနက ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များက ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ သိန္နီမြို့ ရပ်ကွက်(၁)တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့(၅)ဖွဲ့က သိန္နီမြို့ ရပ်ကွက်(၁)အတွင်းရှိ နယ်မြေ(၁)၊(၂)၊(၃)၊(၄)နှင့် (၅)တို့တွင် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း ကိုဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တာယာခွံများ၊ ရေဗူးများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ် ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်း အတွင်းရေးမှူး ဒေါ်သင်းသင်းစိုးထံမှ သိရသည်။

စောဥမ္မာ (သိန္နီ)