ရန်ကုန် စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ် ရေစီးရေလာ နှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးဟန်ကျင် တာဝန်ယူ ဆောင်ရွက်နေသော မြို့သစ်(ဂ) ရပ်ကွက်၊ ဘုရင့်နောင် လမ်းတစ်လျှောက်နှင့် မြို့သစ် (က+ခ)ရပ်ကွက်၊ (က/၇)လမ်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် အတွက် အုတ်ရေမြောင်း ကြီးများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် လမ်းသစ်လမ်း(ဘူတာလမ်းနှင့် မင်းဓမ္မလမ်းကြား)တွင် လူသွားစင်္ကြန် ပလက်ဖောင်း ပြုလုပ်ဆောင်ရွက်နေသည့် လုပ်ငန်းခွင် သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)