မော်လမြိုင် မေ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မော်လမြိုင်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း အခမ်းအနားတွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ် ပညာသင်နှစ်တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသား/သူများအား လှိုက်လှဲစွာကြိုဆို အားပေးချီးမြှင့်လိုတဲ့အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ရောက်တော့ တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်လည်အမှတ်ရမိပါကြောင်း၊ မောင်တို့မယ်တို့ဟာ ရည်မှန်းချက်ကိုယ်စီဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကြလို့ ယခုလို တက္ကသိုလ်ရဲ့ ဘာသာရပ် အသီးသီးကို သင်ယူကြမဲ့ ပထမနှစ် သစ်လွင်မောင်မယ်များ ဖြစ်လာကြတာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးဟာ အဓိကပါကြောင်း၊ လူငယ်လူရွယ်များဟာ မိမိတို့နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်ကောင်းများ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာမှာဖြစ်ကြောင်း၊ ပညာသင်ယူမှု အခွင့်အရေး မဆုံးရှုံးစေရေးဟာ ကာယကံရှင် ကျောင်းသား၊ ကျောင်းသူများနဲ့ နိုင်ငံတော်အတွက် အလွန်အရေးကြီးပါကြောင်း၊ ယခုတက်ရောက်သင်ကြားတဲ့ တက္ကသိုလ်ဟာ အနာဂတ်အတွက် မွန်ပြည်နယ်အတွက် အသိပညာ၊ အတတ်ပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘက်စံထူးချွန်ဖို့အတွက် မွေးထုတ်ပေးရာ တက္ကသိုလ်ဖြစ်ပါတယ်၊ ကိုယ်ရည်ကိုယ်သွေးပြည့်၀ပြီး ဗဟုသုတများသင်ကြားပေးမဲ့ ဘူမိနတ်သန် နေရာမှန်လည်းဖြစ်ပါတယ်၊ တက္ကသိုလ်ဟာ မွန်ပြည်နယ်သာမက အမိမြန်မာနိုင်ငံကြီးအတွက် အဓိက လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးတဲ့နေရာ တစ်ခုဖြစ်ပါကြောင်း၊ ဒီကနေ့ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် မောင်တို့မယ်တို့ နောက်ကျမကျန်ခဲ့ဖို့ ကွန်ပျူတာ ဘာသာရပ်များကိုလည်း သင်ယူကြရမှာဖြစ်ကြောင်း၊ မော်လမြိုင်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများအပြင် တက်ကြွသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးသွားမှာ ဖြစ်ကြောင်း၊ မော်လမြိုင်တက္ကသိုလ်သည် ပညာတတ်များကို မွေးထုတ်ပေးသည့်နေရာဖြစ်၍ မွန်ပြည်နယ်အတွက် တန်ဖိုးဖြတ်မရသော အနဂ္ဃရတနာဖြစ်ပြီး မွန်ပြည်နယ် မျက်နှာပန်းလှဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ သင်ကြားစီမံဌာနမှူးများနှင့် မိတ်ဆက်ကြပြီး၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်များနှင့် သင်တန်းရေးရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မော်လမြိုင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်