ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

ဒဂုံအရှေ့ မေ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” အခြေခံပညာ သင်ယူခွင့် ရရှိစေရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့ နံနက်ပိုင်း ကဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြောင်း သိရသည်။

“ကျောင်းအပ်နှံတဲ့နေရာမှာ (၅) နှစ်ပြည့်တဲ့ ကလေးတိုင်း သူငယ်တန်း KG တန်းကို အပ်နှံရမယ်။ (၆) နှစ်ပြည့်တဲ့ ကလေးတွေကို ပထမတန်း Grade (1) ကိုအပ်နှံလို့ရပါတယ်။ ကျောင်းအပ်နှံရေးသီတင်းပတ်မှာ ကျောင်းအပ်နှံဆောင်ရွက်ဖို့ နှိုးဆော်ထားရှိပြီး ဇွန်လ (၂) ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်ကျောင်းတက်ချိန်အတိုင်း ကျောင်းအားလုံးဖွင့်လှစ် သင်ကြားမှာဖြစ်ကြောင်း၊ ယခုပညာသင်နှစ်မှာ ကျောင်းသူ /  သား အားလုံးကျောင်းရောက်ရှိ ပညာသင်ကြားစေဖို့ ကျောင်းတွေဖွင့်တဲ့အခါ စိတ်အေးချမ်းသာစွာ ကျောင်းတက်ရောက်နိုင်ဖို့ အတွက် မိမိယခင်တက်ရောက်ခဲ့တဲ့ ကျောင်းတွေမှာ ကျောင်းအပ်နှံကြပြီးတော့ ပုံမှန်အတိုင်းတက်ရောက်ကြစေချင်ပါတယ်။ အတန်းအားလုံး KG မှ Grade (11) အထိ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာတို့အား ကျောင်းအပ်တဲ့အခါမှာ အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပြီး သူငယ်တန်း (KG) မှ ပဉ္စမတန်း (Grade-5) သင်ရိုးသစ်အထိ ကျောင်းသား / သူ တွေကို ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်” ဟုမြို့နယ်ပညာရေးမှူးက ပြောကြားသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား / သူ များ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအသီးသီးတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း အထက်တန်းကျောင်း (၅) ကျောင်း၊ အလယ်တန်း ကျောင်း (၅) ကျောင်း၊ မူလတန်းလွန်ကျောင်း (၇) ကျောင်း၊ မူလတန်းကျောင်း (၁၄) ကျောင်း၊ အမကခွဲကျောင်း (၂) ကျောင်းရှိကြောင်း၊ ထို့အတူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၁) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်း၊ စုစုပေါင်း (၄၈) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)