ပင်းတယ မေ ၂၀
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့ နံနက်(၉) နာရီခွဲက မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာ ပင်းတယ-ရပ်စောက်သွား ကားလမ်း၊ လမ်းဘေးဝဲယာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပရေးအတွက် သစ်တောစိုက်ခင်းများ ထူထောင်ခြင်းများအား အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ခြင်းတွင် ရေသင်းဝင်ပင် ၂၀၀၊ ခါတော်မီပင် ၅၀၊ မျောက်ငိုပင် ၅၀၊ ငုပင် ၅၀၊ စိန်ပန်းပြာပင် ၅၀၊ မယ်ဇလီပင် ၅၀၊ ပင်စိမ်းပင် ၅၀၊ စုစုပေါင်း ပျိုးပင် ၅၀၀ အား၊ ကားလမ်းဘေး ဝဲယာတစ်လျှောက်စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် မိုးရာသီအကြိုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အားပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင် ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိုင်းအင်ကျေးရွာဒေသခံ ရွာသူ/ရွာသားများ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်