မန္တလေး၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအသင်းအဖွဲ့များအား သယ်ယူပို့ဆောင်စရိတ်များ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ ကျောင်း အုပ်ကြီး ဦးကျော်ဇင်ဦးက မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအသင်းအဖွဲ့များအား သယ်ယူပို့ဆောင်စရိတ်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှဥက္ကဋ္ဌ ဦးခင်မောင်တင့်က စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအသင်းအဖွဲ့များ၏ကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မန္တလေးလူငယ်သင်တန်းကျောင်းအုပ်ကြီးတို့က စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအသင်းအဖွဲ့ တစ်ဖွဲ့လျှင် ၁၅ ရက်စာ သယ်ယူပို့ဆောင်စရိတ် ထောက်ပံ့ငွေ ၆၇၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၀၂၅၀၀၀ ကျပ်အား စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအသင်းအဖွဲ့ (၃၀) ကိုပေးအပ်ရာ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးခင်မောင်တင့်နှင့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းမှဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်တို့က အသင်းအဖွဲ့များကိုယ်စားလက်ခံရယူကြသည်။
အဆိုပါ အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်ဇင်ဦး၊ စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေး အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)