မိတ္ထီလာ မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်ကျေးရွာအုပ်စု ဆပ်ပြာကျင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ၅၂.၁၅ သန်းအား အဌမအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့နံနက်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ အဋ္ဌမအကြိမ် ထုတ်ချေးပေးရာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူ များ၊ ဆပ်ပြာကျင်းကျေးရွာမှ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။ ၎င်းမြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် ၅၂.၁၅ သန်းကို ဆပ်ပြာကျင်းကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၂၆ ဦး ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆၇ ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂ ဦးတို့အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)