ပူတာအို မေ ၂၀
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည်ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း(၁၀)မျိုးပါ ရိုးရာစက်မှုလုပ်ငန်း၊ ဒေသနှင့်လိုက်လျောညီထွေသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတို သင်တန်းများပို့ချပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်နယ်ရုံးအနေနဲ့ ခရိုင် ၃ ခရိုင်၊ ရက်ကန်းကျောင်း(၁)ကျောင်းနဲ့ ပြည်နယ် တစ်ခုလုံးရဲ့ ဌာနလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့ဌာနကို ၁.၁.၂၀၁၅ မှာ ရုံးစတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒီကာလတစ်လျှောက်မှာ ဒေသခံပြည်သူတွေ တောင်းဆို လာတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်း(၈၄)ကြိမ်၊ သင်တန်းသား(၂၁၆၅)ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ ဓါတ်ခွဲခန်း ဝန်ဆောင်မှုကတော့ (၈၉၃)ကြိမ်နဲ့ လုပ်ငန်းရှင် (၁၃၆)ဦးရဲ့ လူသုံးကုန်၊ စားသောက်ကုန်လုပ်ငန်းတွေကို ဘေးအန္တရာယ်ကင်းရှင်းအောင် ဓါတ်ခွဲ ဝန်ဆောင်မှုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ပြောကြား သည်။
“ရက်ကန်းကျောင်းကို ကျတော့ ၁၉၅၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ ယနေ့အထိ သင်တန်းသား (၁၈၂၉)ဦးကို သင်တန်းကြိမ်ရေ(၁၁၄)ကြိမ် သင်တန်းပို့ချပေးနိုင်ခဲ့ပါတယ်။ ရက်ကန်းလုပ်ငန်းရှင် (၁၇၆)ဦးတို့ရဲ့ တစ်လထုတ်လုပ်မှုကတော့ ကျပ်သန်းပေါင်း(၄၂၆.၄၄၀)ရရှိပြီးတော့ လုပ်သား အင်အား (၁၈၃၂)ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြား သည်။
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများ၏ ကိုယ်ပိုင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းကဏ္ဍ(၁၃)မျိုးကို ဥပဒေ၊ နည်းဥပဒေနှင့် အညီ မှတ်ပုံတင်ပေးခြင်း၊ လုပ်ငန်းအတွက် လိုအပ်သော အကာအကွယ်နှင့် နည်းပညာအကူအညီများ ပံ့ပိုးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်နှင့် မြို့ပြနေအခြေခံ ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်လို သူများအတွက် လုပ်ငန်း နည်းပညာ၊ ငွေကြေး၊ ဆက်စပ်ဌာနများနှင့် ပတ်သက်၍ သိရှိလိုသော အချက်အလက်များကို စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ မော်တော်ဆိုင်ကယ်ပြုပြင်နည်း၊ ဝါးလက်မှု ထည်၊ သံဂဟေ၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း၊ လက်ရက်ကန်း၊ စက်ရက်ကန်း၊ စက်ချုပ်၊ သဘာဝဆိုးဆေး၊ ဖဲနှပ်ကောက် စသည့် အခြေခံလူတန်းစားများ၏ မိသားစုနေ့စဉ်ဝင်ငွေ ရရှိနိုင်သော နည်းပညာများကို (အခမဲ့)ကူညီပံ့ပိုးပေးသော ဌာနတစ်ခုဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)