မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိုးညှင်း မေ ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြကျွန်းညိုညိုသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်၍ မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာ နိုင်နိုင်လတ်နှင့် သက်ဆိုင်ရာဘာသာရပ် အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များက တက္ကသိုလ်တွင်သင်ကြားနေသော ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ၊ သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကျောင်းသားများနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေး ဆိုင်ရာကဏ္ဍများ အသီးသီးပြောကြားကြပြီး ကျောင်းသား၊ ကျောင်းသူများအားလုံးကိုယ်စား မဟာဝိဇ္ဇာကျောင်းသူတစ်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ပထမနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် မောင်မယ်သစ်လွင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများမှ I Can Fly တေးသီချင်းဖြင့် နှုတ်ဆက်သီဆိုပြီး ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များက ဆက်လက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးနှင့် ဇနီး ဒေါ်နီကိုစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိကြီးများနှင့် ဇနီးသည်များ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်းအား(၃၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အနေဖြင့် မေလ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့ထိ ပထမနှစ်တွင် (၂၂၆)ဦး၊ ဒုတိယနှစ်တွင် (၅၄)ဦး၊ တတိယနှစ်တွင် (၃၃)ဦး၊ ဂုဏ်ထူးတန်း (ပထမနှစ်) တွင် (၂၅)ဦး၊ ဂုဏ်ထူး တန်း (တတိယနှစ်)တွင် (၂၀)ဦး၊ မဟာအရည်အချင်းစစ် သင်တန်းတွင် ()ဦး နှင့် မဟာဘွဲ့သင်တန်းတွင် ()ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၆၇)ဦးတို့ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)