သပိတ်ကျင်းမြို့နယ်အတွင်း ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

သပိတ်ကျင်း၊ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း၌ မွေးကင်းစမှ (၂) နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယမန်နေ့နံနက်ပိုင်းက (၄) မိုင် ကျေးရွာနှင့် (၆) မိုင်ကျေးရွာတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် မွေးကင်းစမှ (၂) နှစ်အထိ ကလေးငယ်များအား အသက် အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (၅) မျိုးစပ်၊ ဝက်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများ၊ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို COVID-19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ (၇) မိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်စန္ဒာထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဝါဝါထွန်းနှင့် ရပ်မိရပ်ဖများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း၊ ပြန်/ဆက်)