ဖယ်ခုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက် ဆိုင်များ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ ယနေ့ ရှောင် တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
“ဒီနေ့ မြို့ပေါ်စားသောက်ဆိုင်များမှာ ကိုဗစ်ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ညွှန်ကြား ထားသည့်အတိုင်း လိုက်နာမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးရာမှာတော့ သတ်မှတ် စည်းမျဉ်း စည်းကမ်းအတိုင်း စနစ်တကျလိုက်နာဆောင်ရွက်မှုရှိမရှိ စစ်ဆေးပါတယ်။ ဒီနေ့ကတော့ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ရှောင်တခင်သွားရောက်စစ်ဆေးတာဖြစ်ပါတယ်”ဟု မြို့နယ် စည်ပင် သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးမြတ်သူက ပြောကြားသည်။
စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား မြို့နယ်ကော်မတီအဖွဲ့မှ ထပ်မံစစ်ဆေး သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ပထမအကြိမ်ခုနှစ်ရက်၊ ဒုတိယအကြိမ်၁၅ရက်၊ တတိယအကြိမ် အကန့် အသတ် မရှိ ဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးမြတ်သူထံမှသိရှိရသည်။
“အခုကိုဗစ်ကာလမှာ ဆိုင်ကအရောင်းပါးပါတယ်။ ဆိုင်တိုင်းလဲအရောင်းပါးကြမယ် ထင်ပါတယ်။ ကျွန်မတို့ ဆိုင် အနေနဲ့ ကျန်းမာရေးဌာနကညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက် ပါတယ်။ ဒီနေ့မှာလဲ မြို့နယ် က တာ၀န်ရှိတဲ့သူတွေက ဆိုင်ကိုလာရောက်စစ်ဆေးတယ်။ လိုအပ်ချက် တွေကိုလဲပြောပြသွားတယ်။ ကျွန်မ တို့လဲလိုအပ်ချက်တွေဆောင်ရွက်နေပါတယ်။ လာရောက်စစ်ဆေး ပေးတဲ့ တာ၀န်ရှိ သူတွေ ကိုလဲကျေးဇူး တင်ပါတယ်”ဟု ကောင်းကြိုက်စားသောက်ဆိုင်မှ ဒေါ်အေးအေးမိုးနိုင်က ပြောသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိမရှိ ကွင်းဆင်း စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦသီဟနေသွေး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်း ရေးမှူး အမှုဆောင်အရာရှိဦးမြတ်သူ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦး၊ မြို့နယ် မီးသတ်တပ်ဖွဲမှူးဦးထွန်းဇော်ဦးတို့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရရှိသည်။
ကိုထွေး(ဖယ်ခုံ)