ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ထူးချွန်သူ(၅၀၀)တို့၏ ကိုယ်တွေ့ အောင်မြင်ရေးနီတိများစာအုပ် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် မေ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ မောင်မြင့်ကြွယ်နှင့်မောင်မောင်အေးတို့ ဘာသာပြန်ရေးသားထားသည့် ထူးချွန်သူ(၅၀၀)တို့၏ ကိုယ်တွေ့ အောင်မြင်ရေးနီတိများ စာအုပ်အား ယနေ့နံနက် (၁၀)နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာဖတ်ဝိုင်း၌ လက်တွေ့ဘဝတွင် အောင်မြင်ခဲ့ကြသော ပုဂ္ဂိုလ်ငါးရာတို့ လက်တွေ့ လိုက်နာကျင့်သုံးခဲ့ကြသည့် နီတိ၊ စာတိုပေစ၊ ဆောင်ပုဒ်များကို စုစည်းဖော်ပြထားသည့်စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နီတိဆိုသည်မှာ ပါဠိသက်ဝေါဟာရဖြစ်ပြီး "ကြီးပွားတိုးတက်ခြင်းသို့ ပို့ဆောင်သောလမ်းညွှန်" ဟူ၍ အဓိပ္ပာယ်ရပြီး လက်တွေ့စမ်းသပ်ပြီးသော နီတိ၊ စာတိုပေစ၊ ဆောင်ပုဒ်များဖြစ်သောကြောင့် လိုက်နာကျင့်ကြံကြမည်ဆိုပါက အကျိုးရှိမည်မှာ အမှန်ပင်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က ထူးချွန်သူ(၅၀၀)တို့၏ ကိုယ်တွေ့ အောင်မြင်ရေးနီတိများ စာအုပ်တွင်ပါရှိသော တိကျသော တွေးခေါ်မှု၊ တက်တက်ကြွကြွလှုပ်ရှားမှု၊ ယုံကြည်မှု၊  သတိကြီးစွာထားမှု၊ စိန်ခေါ်မှု၊ အဓိကရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင်၊ ပူးပေါင်းဆောင်ရွက်မှု၊ သတ္တိရှိမှု၊ ဝေဖန်ရေး၊ လုပ်ဆောင်ချက်များ၊ ရည်ရွယ်ချက် တိကျမှန်ကန်မှု၊ ပညာရေး သို့မဟုတ် လေ့လာသင်ယူရေး၊ ထိရောက်သောစကားပြောဆိုမှု၊ စိတ်အားထက်သန်မှု၊ ပို၍အားစိုက်ဆောင်ရွက်မှု၊ မျှမျှတတရှိမှု၊ သက်ဝင်ယုံကြည်မှု၊ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်၊ ပျော်ရွှင်မှု၊ သဟဇာတဖြစ်မှု၊ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေး၊ စိတ်ကူးနိုင်စွမ်းရှိမှုစသည့် အကြောင်းအရားဆွေးနွေးပြောကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)