တကောင်းမြို့တွင် ကိုဗစ် − ၁၉ စီးပွါးရေးကုစားမှု (CERP) အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

တကောင်း၊ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုဗစ် − ၁၉ စီးပွါးရေးကုစားမှု (CERP) အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်အောင်က ကိုဗစ် − ၁၉ စီးပွါးရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ ယခုထောက်ပံ့မှုမှာ ပထမအရစ်အဖြစ် ထောက်ပံ့ခြင်းဖြစ်ပြီး ဒုတိယအပတ်တွင် (CERP) အစီအစဉ်ဖြင့် မျိုးကွဲပယ်ခြင်း၊ မျိုးအခြောက်ခံခြင်း၊ သန့်စင်ခြင်းလုပ်ငန်းများအတွက်  ထောက်ပံ့မှုများကို စက်တင်ဘာလတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တကောင်းမြို့စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးမျိုးနိုင်သောင်းက မကျီးကုန်းကျေးရွာနှင့် ဖုန်ကုန်းကျေးရွာနေတောင်သူ (၄) ဦးအတွက် မျိုးစေ့ဖိုး၊ ပျိုးထောင်စိုက်ပျိုး လုပ်အားခထောက်ပံ့ငွေ (၁၅၀၀၃၀၀) ကျပ်အားပေးအပ်ရာ တောင်သူများကိုယ်စား တောင် သူ ဦးမြင့်တင်မှ လက်ခံရယူခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ သပိတ်ကျင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမြင့်အောင်၊ တကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦး၊ တကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသော တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုအောင် (တကောင်း)