မအီမြို့တွင် ရွှေကြာသိမ်စေတီတော်အောက် ဌာပနာထည့်သွင်းပူဇော်ပွဲ အခမ်းအနားကျင်းပ    

မအီ မေ ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက် သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၌ တည်ထားကိုးကွယ်မည့် ရွှေကြာသိမ်စေတီတော် အောက်ဌာပနာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း (၇)နာရီ(၃၀)အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြောက်ဦးဆရာတော်ကြီးမှူးသည့် ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး ရောက်ရှိလာကြသည့် ရဟန်းရှင်လူ ပြည်သူများက ဌာပနာတိုက်အတွင်းသို့ ဗုဒ္ဓဆင်းတုတော်များကို ထည့်သွင်းဌာပနာ ပူဇော်ခဲ့ကြကြောင်း သိရသည်။

မအီမြို့တွင် မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ခြင်း၊ ဓာတ်တော်စေတီများ ဌာပနာပူဇော်ခြင်းနှင့် အနေကဇာတင်ပူဇော်များကို ကဆုန်လဆန်း(၈)ရက် (၇-၅-၂၀၂၂) ရက်နေ့မှစတင်၍ မအီမြို့ပတ်လည်ခြံရံလျှက်ရှိသည့် ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်၊ သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ ဇိနမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ မင်္ဂလမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်၊ ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော်၊ ဥရုဝေလအသွေးတော် ဓာတ်စေတီတော်နှင့် ကဆုန်လပြည့်နေ့တွင် အံတော်သိမ်စေတီတော်တို့ကို ထီးတော်တင်ပူဇော်ခြင်း၊ ဌာပနာပိတ် ပူဇော်ခြင်း၊ အနေကဇာတင်ပူဇော်ခြင်းများကို စဉ်ဆက်မပြတ်ပူဇော်လာခဲ့ရာ ယခုရွှေကြာသိမ်စေတီတော်အောက် ဌာပနာပိတ်ပူဇော်ခြင်းကို  ထပ်မံပူဇော်ခြင်းဖြစ်ပြီး အဆိုပါ ဌာပနာပိတ်အခမ်းအနားသို့ မြောက်ဦးဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တက်ရောက် ပူဇော်ခဲ့ပြီး ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ်ပြည်သူများနှင့် ပတ်ဝန်းကျင် ရပ်နီးရပ်ဝေးကျေးရွာများမှ ရဟန်းရှင်လူပြည်သူများ စည်ကားသိုက်မြိုက်စွာ ရောက်ရှိခဲ့ကြကြောင်းတို့ကို ဖော်ပြပါဓမ္မရိပ်သာကျောင်းမှ သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)