ဗန်းမော် မေ ၁၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မေ ၁၉ ရက် နံနက် ၉ နာရီက ဗန်းမော်တက္ကသိုလ်စုံညီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများတို့က မိတ်ဆက်ပေးခဲ့ကြပြီး ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်က တက္ကသိုလ်သို့ တက်ရောက်လာသည့် မောင်မယ်သစ်လွင်များအား မိမိတို့ အထူးပြုဘာသာရပ်အသီးသီးဖြင့် သင်ယူကြရမည်ဖြစ်ရာ မိမိတို့ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးစားသင်ယူကြစေရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာခင်သန့်စင်က သိပ္ပံဘာသာရပ်ကိုယ်စားပြု ကြိုဆိုမိတ်ဆက်အမှာစကား ပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဝင်းနိုင်က ဝိဇ္ဇာဘာသာရပ်ကိုယ်စားပြု ကြိုဆိုမိတ်ဆက် အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ ဗန်းမော်တက္ကသိုလ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်အသီးသီးက မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်တက္ကသိုလ်တွင် မေ ၁၂ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနှင့် စီးပွားရေးဘာသာရပ်တို့မှ ပညာသင်နှစ်အသီးသီးတို့မှ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)