တံတားဦး မေ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ၂၀၂၂-၂၀၂၃ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေးပိုစတာကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ သမိုင်းဝင်ဆေးအိုးဖိုးဘုရားအနီး၌ စိုက်ထူကြောင်းသိရသည်။
အဆိုပါ အသိပညာပေးပိုစတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် “ကျောင်းအပ်နှံရေးနေ့များကို ၂၀၂၂ ခုနှစ် မေလ(၂၆)ရက်မှဇွန်လ(၁)ရက်နေ့အထိ” တို့ ပါရှိသည်။
အခြေခံပညာကျောင်းများ အန္တရာယ်ကင်းရှင်းစွာ ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို အခြေခံပညာကျောင်းများမှ လိုက်နာဆောင်ရွက်ရေး၊ မိမိကလေး ကျောင်းမနေလျှင် မိမိကလေးသာ နစ်နာမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ ကျောင်းဖွင့်အမီ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ဒါ့အပြင် (၅) နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့ အပ်နှံကြရန်နှင့် (၆) နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1)အပ်နှံကြရန် မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန် ထံမှသိရသည်။
အဆိုပါ အသိပညာပေး ပိုစတာစိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များ၊ ပညာရေးဝန်ထမ်းများ တက်ရောက်ကြသည်။ တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း(၉)ကျောင်း၊ စုစုပေါင်း (၁၃၀) ကျောင်း၊ သင်ကြားရေးဆရာ၊ ဆရာမ ခွင့်ပြုအင်အား(၁၃၆၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဦးရဲတင့်