လားရှိုး မေ ၁၉
အခမ်းအနားကို သင်တန်းသား၊ သင်တန်းသူများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားရာ “ယနေ့အခမ်းအနားသည် အနာဂါတ်နိုင်ငံတော်ကို ဦးဆောင်တာဝန်ယူရမည့် မျိုးဆက်သစ်လူငယ်လေးများကို ကြိုဆိုသည့်အခမ်းအနားဖြစ်သောကြောင့် မင်္ဂလာရှိသောနေ့ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ဆရာအတတ်ပညာများကိုသာမက အသိပညာအတတ်ပညာ၊ ဗဟုသုတများကိုပါ ယခုသင်တန်းမှရရှိမည်ဖြစ်ပါကြောင်း၊ (၄)နှစ်သာပညာသင်ယူပြီးပါက သက်ဆိုင်ရာဘာသာရပ် အလိုက်ဘွဲ့များချီးမြှင့်သွားမည်ဖြစ်ပြီး အခြေခံကျောင်းများအတွက် လိုအပ်နေသော ဆရာ၊ ဆရာမများနေရာတွင် အရည်အသွေးပြည့်၀သော ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသား/သူ များအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာ၍ အချိန်ကို အကျိုးရှိစွာအသုံးချရင်း နိုင်ငံတော်တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်သော ဘက်စုံထူးချွန်သည့် နိုင်ငံသားကောင်းများဖြစ်ကြပါစေကြောင်း” ပြောကြားပေးခဲ့သည်။ ထို့နောက် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သင်တန်းသူလေးများက “ထာ၀ရမြန်မာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါသင်တန်းကို (၁၂.၅.၂၀၂၂)ရက်နေ့မှစတင်ဖွင့်လှစ်ကာ ရက်ပေါင်း(၈၀)ကျော် ကြာမြင့်မည်ဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ မူဆယ်၊ ကျောက်မဲခရိုင်မှ ပထမနှစ်ဝက် သင်တန်းသား/ သူ(၈၈)ဦး၊ ဒုတိယနှစ်ဝက် သင်တန်းသား/သူ(၇၁)ဦး စုစုပေါင်း(၁၅၉)ဦး တက်ရောက်သင်တန်းလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး