လားရှိုးမြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်

လားရှိုး မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ရှေ့၌ မေလ(၁၉)ရက်နံနက် (၁၀)နာရီအချိန်က ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူပွဲ ပြုလုပ်ကြောင်း သိရသည်။

ပြည်နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်စိုက်ထူပွဲ၌ ပြည်နယ်ပညာ‌‌ရေးမှူးရုံး(ရုံခွဲ)မှ ဒေါ်ခင်မိုးဝင်း၊ လက်ထောက်ညွှန်ကြား‌ရေးမှူး (ကွန်ပျူတာစာရင်းအင်း)နှင့် လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးတို့က ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။

ထို့အတူ လားရှိုးမြို့ ရပ်ကွက်(၁) ကံကော်လမ်းရှိ မြို့နယ်ပညာ‌ရေးမှူးရုံးတွင်လည်း မွန်းလွဲ(၂)နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူပွဲ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် ၂၀၂၂ခုနှစ် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ကျောင်းအပ်နှံနိုင်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်(၁)ဒါဇင်၊ ကျောင်းသုံး ပုံနှိပ်စာအုပ်(အစုံ)၊ ခဲတံ၊ ဘောပင်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရှိရသည်။

ဟန်ဌေး(လားရှိုး)