မိတ္ထီလာ မေ ၁၉
မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ခုနှစ် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ခရိုင်တွင်း လေးမြို့နယ် အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ခရိုင်အတွင်း ထူးချွန်သော အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ် လူရွယ်များ ဖြစ်လာစေရေး၊ မြို့နယ်ပေါင်းစုံပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီမှုရရှိလာစေရေးနှင့် ခရိုင်အဆင့်လက်ရွေးစင်၊ တိုင်းအဆင့်လက်ရွေးစင်၊ မြန်မာ့ လက်ရွေးစင်စသည့် ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲဝင်အား ကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားက စားသမားများအား လိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမနေ့အဖြစ် မိတ္ထီလာ မြို့နယ်အသင်းနှင့် ဝမ်းတွင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ခုနှစ် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ခရိုင်တွင်း လေးမြို့နယ် အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း လေးသင်းဝင်ရောက်ယှဉ်ပြိုင်ရာ ၎င်းပြိုင်ပွဲကို မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)