ကော့မှူး မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် အခြေခံပညာထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို မေလ ၁၉ ရက် နံနက် ၉ နာရီက အ.ထ.က (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မှော်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းရွှေက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပညာရေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ ကော့မှူးမြို့နယ်အတွင်းမှ အခြေခံပညာထက်၊ လယ်၊ မှုကျောင်းအုပ် ဆရာကြီး /ဆရာမကြီး ၁၂၅ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြကျောင်းအုပ် ဆရာမကြီး (၄) ဦးမှ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှ မေလ ၁၉ ရက်မှ မေလ ၂၀ ရက်နေ့ အထိ (၂) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်နှင့် ဆရာ / ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ