ကျောက်ဖြူ မေ ၁၉
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဒီဂရီကောလိပ် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းတက် ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်၊ ကထိက၊ ဌာနမှူးများ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သည် ရခိုင်ပြည်နယ်၏ ပညာရေးလုပ်ငန်းများအတွက် ဆရာ၊ ဆရာမများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေသည့် ကျောင်းတော်ကြီးဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် ဆရာ၊ ဆရာမများဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်ကလေးများ၏ လမ်းပြကြယ်များဖြစ်သဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအရည်အသွေး ပြည့်ဝရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများဖြစ်လာပြီး မိမိတို့တာဝန်ကျရာ ဒေသတွင် တာဝန်ထမ်းဆောင်သည့် အချိန်တွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ကျေးဇူးသစ္စာများ စောင့်သိရိုသေခြင်း၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာခြင်းနှင့် တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ထမ်းဆောင်ခြင်းနှင့် တပည့်များအတွက် စံပြဆရာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက တက်ရောက် လာကြသည့် ကျေင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနကိုယ်စား ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်းနှင့် ကြိုဆိုပွဲ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနား (ဒုတိယပိုင်း) အစီအစဉ်အား ဆက်လက်ကျင်းပရာ ပညာရေး ဒီဂရီကောလိပ်ရှိ သင်ကြားရေးဌာန၊ စီမံရေးရာဌာနမှ ဆရာ၊ ဆရာမများနှင့် အရာထမ်းများကို သင်တန်းသား၊ သင်တန်းသူများနှင့် မိတ်ဆက်ပေးခဲ့ပြီး သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအထဲမှ သစ်လွင်မောင်နှင့် သစ်လွင်မယ်တို့အား စိစစ်ရွေးချယ်ပြီး တာဝန်ရှိသူများမှ အမှတ်တရ လက်ဆောင်များပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများမှ အခမ်းအနား တက်ရောက်လာကြသူများကို ဖျော်ဖြေရေးအစီအစဉ်ဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် ပထမနှစ်(ဒုတိယနှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ (၉၅)ဦးနှင့် ပထမနှစ်(ပထမနှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ(၁၆၂)ဦးတို့မှ တက်ရောက် သင်ယူကြမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၂-၅-၂၀၂၂) ရက်နေ့မှ (၃၁-၈-၂၀၂၂) ရက်နေ့ အထိဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း