သိန္နီ မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် မြို့နယ်အဆင့်၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို သိန္နီမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ ရွှေစင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြင့်မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်မှုရှိစေရန် ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့် မွမ်းမံသင်တန်းတွင် သင်တန်း နည်းပြ(၅)ဦးက သင်ကြားပို့ချသွားမည်ဖြစ်ပြီး သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ဆရာမ(၅၆)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းကာလမှာ မေလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိဖြစ်ပြီး နေ့စဉ် နံနက် ၉နာရီ မှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးထံမှ သိရသည်။
စောဉမ္မာ(သိန္နီ)