မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၁၉

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ရှေးဦးစွာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊  ဘာသာရပ်ဌာနများရှိ ပါမောက္ခ(ဌာနမှူး)များနှင့် မိတ်ဆက်ပေးသည်။ ဆက်လက်၍ တက္ကသိုလ်ဝင်တန်းအောင်မြင်၍ တက္ကသိုလ်သို့ စတင်တက်ရောက်ပညာသင်ယူကြမည့် မောင်မယ်သစ်လွင် ကျောင်းသူကျောင်းသားများအား ပါမောက္ခချုပ်ဒေါက်တာဘဟန်က ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားသည်။

ထိုနောက် မောင်မယ်သစ်လွင် ကျောင်းသူကျောင်းသားများအား သိပ္ပံဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဘူမိဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာဉာဏ်ဝင်းကလည်းကောင်း၊ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပထဝီဝင်ဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ ခင်သိန်းဦးက မိတ်ဆက်ပြောကြားသည်။ အဆိုပါမောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါ တက္ကသိုလ်ရှိ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက် ကြသည်။

မိတ္ထီလာတက္ကသိုလ်သို့ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့်မြို့နယ်များမှ ကျောင်းသူကျောင်းသား ၉ဝဝ ဦးခန့် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ချမ်းသာ