နမ့်စန်(တ) မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ဝမ်ပုံကျေးရွာနှင့် ဝမ်ကုန်းကျောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများအား ကျေးရွာမြေငှားဂရန်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝမ်ပုံကျေးရွာအုပ်စု ၊ ဝမ်ပုံကျေးရွာဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ကျေးရွာမြေငှားဂရန် ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာမြေငှားဂရန်များကို ပေးအပ်ရာ လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင် ၊ လွိုင်လင်ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မိုင်၊ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းတို့က ဝမ်ပုံကျေးရွာနှင့် ဝမ်ကုန်းကျောင်းကျေးရွာတို့ရှိ မြေငှားဂရန်လျှောက်ထားသူ ကျေးလက်နေပြည်သူ စုစုပေါင်း ၁၇၈ ဦးအတွက် ကျေးရွာမြေငှားဂရန်များကို ပေးအပ်ခဲ့ရာ ဝမ်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းအေးနှင့် ကျေးရွာနေပြည်သူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ဝမ်ပုံကျေးရွာနှင့် ဝမ်ကုန်းကျောင်းကျေးရွာရှိ ပြည်သူများကိုယ်စား ဝမ်ပုံကျေးရွာမှ ဦးခွန်မောင်မောင်က ကျေးရွာမြေငှားဂရန်များပေးအပ်ပေးမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)