သီပေါ မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုသည် အရေးကြီးပါကြောင်း၊ စီမံခန့်ခွဲမှုဆိုသည်မှာ လုပ်ငန်းအောင်မြင်ရေးအတွက် အဖက်ဖက်မှ တာဝန်ယူစီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ အများယုံကြည်ကိုးစားမှု၊ လေးစားမှုများရရှိအောင် စွမ်းဆောင်နိုင်ပြီး ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုပေးနိုင်ခြင်းကြောင့် ဩဇာညောင်းပြီးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြင့် လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်းများတိုးတက်လာ၍ လုပ်ငန်းများမြန်ဆန်ထိရောက်လာမည် ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုကောင်းမွန်ပါက မိမိကျောင်း၊ ဒေသ၊ လူမျိုး၊ တိုင်းပြည်နိုင်ငံတိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှသိပြီးတတ်ပြီး သည်များပိုမိုသိ၍ မသိသေး မတတ်သေးသည်များကို ကြိုးစားလေ့လာကာ အချင်းချင်း အသိပညာမျှဝေကြစေလိုကြောင်း၊ မိဘဆရာ ပူးပေါင်းကလေးနောင်ရေးကောင်းဆိုသကဲ့သို့ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးထိန်လင်းက ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြှင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မေလ(၁၉)ရက် နေ့မှ (၂၀) ရက်နေ့အထိ သင်တန်းနည်းပြ ဆရာ(၅)ဦးဖြင့် ဆောင်ရွက်ကာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး (၂၀၀) ဦးတက်ရောက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)