ပူတာအို မေ ၁၉
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် SEQUA SWITCH ASIA တို့ ပူးပေါင်း မှုဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဈေးသူ၊ ဈေးသားများ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပလတ်စတစ် အိတ် လျှော့ချရေး "သန့်ရှင်းမြန်မာ" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို မေလနောက်ဆုံးအပတ်တွင် မြစ်ကြီးနားမြို့ အေးမြသာယာ အဆင့်မြင့်ဈေး၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရာသီဥတုထိခိုက်နိုင်သည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ကြုံတွေ့လာ နိုင်သော ဆိုးကျိုးများ၊ နောက်ဆက်တွဲကပ်ရောဂါများနှင့် အမှိုက်အမျိုးအစား၊ အမှိုက်များ သန့်စင် ပြုပြင်ပြန်လည်အသုံးပြုနိုင်ခြင်းနှင့် ပလတ်စတစ်အိတ် လျော့ချရေးတို့ကို ဆွေးနွေးသွားမည့်အပြင် Prevent Plastics Myanmar မှ လုပ်ငန်းရှင်များကို ငွေကြေး၊ နည်းပညာ အထောက်အပံ့များ ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ ဈေးသူ၊ ဈေးသားများ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များ တည်ရှိရာ လုပ်ငန်းခွင်များတွင် သန့်ရှင်းသပ်ရပ်သော အမှိုက်စွန့်ပစ်ရေး စနစ်၊ သဘာဝနှင့် သဟဇာတဖြစ်သော ထုပ်ပိုးမှုစနစ်၊ ပလတ်စတစ် အစားထိုးအိတ်များ အသုံးပြု နိုင်ရေး ပလတ်စတစ် အိတ်သုံးစွဲမှုလျော့ချရေးအတွက် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ် ပါသည်။
SEQUA SWITCH ASIA သည် ပလတ်စတစ်အိတ် လျှော့ချရေး (Prevent Plastics) ကို ဥရောပ သမဂ္ဂမှ ငွေကြေးထောက်ပံ့ပေးသော စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘဏ်များအသင်း MBA တို့ နှင့် ပလတ်စတစ် လျော့ချရေးကို အတူတကွ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် SEQUA SWITCH ASIA တို့မှ ကျွမ်းကျင်ပညာရှင်များက အေးမြသာယာဈေးနှင့် စက်ရုံအလုပ်ရုံများတွင် ပလတ်စတစ် လျှော့ချရေးနှင့် ပလတ်စတစ် အစားထိုးအိတ်များ အသုံးပြုရေးနည်းပညာများကို လက်တွေ့ပြသဆွေးနွေး သွားမည်ဖြစ်ပြီး သန့်ရှင်းသာယာလှပသော သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် ကချင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များ မည်သူမဆို အလုပ်ရုံဆွေးနွေးပွဲသို့ အခမဲ့ တက်ရောက်ဆွေးနွေးနိုင်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)