ဟိုပုံး မေ ၁၉
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ပိုက်ကျော်ခြင်း လူရွေးချယ်ရေးပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟိုပုံးမြို့၊ ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဟိုပုံးမြို့နယ်အတွင်းရှိ အမျိုးသားသုံးယောက်တွဲ နှစ်ယောက်တွဲ အသင်း(၃ဝ)သင်း လာရောက်အရွေးခံခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တစ်ဦးချင်းလည်ဆွဲနှင့် ဒိုင်းဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များတို့က အသီးသီးဆုများ ချီးမြှင့်ကြသည်။
“ပိုက်ကျော်ခြင်းအားကစားသည် လူကြီး/လူငယ်၊ ကျောင်းသား/သူများ ကြိုက်နှစ်သက်သည့် အားကစားတစ်ခုဖြစ်ပြီး၊ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ မြို့နယ်အဆင့် လူရွေးချယ်ရေးပြိုင်ပွဲများ၊ နိုင်ငံတော်၏ အထိမ်းအမှတ်နေ့ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲတွင် ရွေးချယ်ပြီးစီးသည့် မြို့နယ်လက်ရွေးစင်လူငယ်များအနေဖြင့် မိမိမြို့နယ်၏ဂုဏ်၊ ပိုက်ကျော်ခြင်းအားကစားနည်း၏ ဂုဏ်ကိုမြှင့်တင်နိုင်ရန် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ကြိုးစားသွားကြရန်နှင့် ပြိုင်ပွဲစတင်ဝင်ရောက်ယှဉ်ပြိုင်ချိန်မှစတင်ပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ စည်းကမ်းရှိစွာဖြင့် သွားရောက်ယှဉ်ပြိုင်ကြပြီး မိမိမြို့နယ်သို့ အောင်မြင်မှုများနှင့် ဆုတံဆိပ်များ ဆွတ်ခူးသယ်ယူလာစေလိုကြောင်း” မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက တိုက်တွန်းပြောကြားခဲ့သည်။
ထက်ထက်(ဟိုပုံး)