နေပြည်တော် မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်ပညာရေးမှူးရုံးတွင်ကျင်းပရာ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား ဒက္ခိဏခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါ်ခင်နှင်းယုနှင့် ဒေါ်ခင်သန္တာသိန်းတို့က စိုက်ထူပေးခဲ့သည်။
ထို့နောက် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူရကျော်နှင့် တာဝန်ရှိသူများက ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား အမွှေးနံသာများဖြင့် ပတ်ဖြန်းပေးခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး အဆိုပါ ကာလအတွင်း အတန်းအားလုံးကျောင်းအပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဒက္ခိဏခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)