တပ်ကုန်း မေ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ဆောင်ရွက်လျက်ရှိသော ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြကျေးရွာတွင် လူမှုကာကွယ်ရေးအစီအစဉ်အရ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများရရှိစေရန် မီးဘေးအန္တရာယ်ကာ ကွယ်ရေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက ကျေးရွာလူထုအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ ကြိုတင်ကာကွယ်နိုင်စေရေး၊မိမိပတ်ဝန်းကျင်ပြည်သူများ စနစ်တကျမီးဘေးလုံခြုံရေး အသိ/သတိနှင့်အသုံးချနိုင်စေရေးတို့အတွက် မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာများရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာကြသည့်ပြည်သူများ စိတ်ဝင်စားစွာမှတ်သားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးက မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိရေးနှင့်အသုံးပြုပုံများ၊ မီးဘေးလုံခြုံရေးဆောင်ရန်/ရှောင်ရန်အချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့သည်။ ဟောပြောပွဲတက်ရောက်ကြသည့် ဒေသခံပြည်သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထိုဟောပြောပွဲသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်းအင်အား(၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်ရုံး)