မြစ်ကြီးနားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား  စက်တင်ဘာ  ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကလေးငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန် သတ်မှတ်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေး ချိန် ပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး မွေးကင်းစမှ အသက်(၂)နှစ် ကလေးငယ်များအား အသက်အရွယ် အလိုက် လစဉ်ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး၊ ပုံမှန်ပိုလီယို ကာကွယ်ဆေး (ထိုးဆေး၊ အစက်ချ)၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စသည့်ဆေး (၆)မျိုး ကို ထိုးနှံတိုက်ကျွေးခြင်းများနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)